.

.

.

March 31, 2011

ဝရုန်းသုန်းကား ဖြစ်နေသော နအဖရဲ့ အတွင်းသတင်း

ဆန့်ငင်ဆန့်ငင် ဖြစ်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ဘဝ

နအဖအနေနဲ့ အသွင်ကူးပြောင်းရေးကို လုပ်ထုံးလုပ်နည်းအတိုင်း ညင်သာစွာ ပြောင်းလဲရန် စီစဉ်ထားသော်လည်း အစိုးရအဖွဲ့သစ်ရဲ့ အဓိက အာဏာအရှိဆုံးဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ချင့်ချိန်နေလို့ ၀ရုန်းသုန်းကား ကြုံတွေ့နေရကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ မကြာသေးမီ ကလေးကပင် သတင်းပေးပို့လာပါတယ်။ အထူးသဖြင့် ကောင်စီမှာ အရေးပါသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ရွေးချယ်ရာမှာ တာဝန်ပေးအပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ခက်ခဲနေဟန် ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တိုးမြှင့် ခန့်အပ်လိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေး/မပေးက မသေချာသေးကြောင်း၊ အလားတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေးရန် အလှမ်းဝေးနေသေးကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ကိုမူ ဗိုလ်ချုပ်ကြီး ရာထူးအဆင့်သို့ တိုးမြှင့်ပေးလိုက်မှုကြောင့် ကြည်း/ရေ/လေ ချိန်ခွင်ညှာ ရာထူးတူဖို့ ညှိလိုက်ဟန်ရှိကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ဆက်လက်ပြီး သတင်းပို့ရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ကာကွယ်ရေးဝန်ကြီးအား ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ပေးရန်လျာထားသော်လည်း အမိန့်ထွက်ခါနီးမှ ဗိုလ်ချုပ်လှမင်းကို ပြောင်းလဲတာဝန် ပေးလိုက်တဲ့အပေါ် စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်များက အံ့သြသွားကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် နောက်ကွယ်မှ ကြိုးကိုင်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးရာထူး တိုးမပေးဘဲ ဆက်ထားနိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။ မတ်လ (၃၀) ရက်နေ့ ၀ရုန်းသုန်းကား ဖြစ်စဉ်များ အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အနေနဲ့ လွှတ်တော်တွင် ၀င်ရောက်မည့် အစီအစဉ်ကို စတင်ခါနီးမှ ကပ်သိရပြီး ကြိုဆိုနေရာချထားမှုအား ဖုတ်ပူမီးတိုက် ပြုလုပ်လိုက်ရသလို သမ္မတနှင့် ဒုသမ္မတများ ကျမ်းသစ္စာ ဆိုသည့်အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် အနေနဲ့ ကျမ်းသစ္စာတိုင်ပေးရမည့် နေရာ လွဲချော်သွားကြောင်း၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်အမိန့်ကို သတင်းကြေငြာခွင့် ပြုပြီးမှ ပြန်လည်ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ စစ်ဘက်နီးစပ်သူများက ဝေဖန်ရာမှာ အခြေခံဥပဒေအရ အခန်း (၇) ပုဒ်မ (၃၄၂) တွင် ပါရှိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၏ အဆိုပြုသည့် ထောက်ခံချက်ဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်။ တကယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မဖွဲ့သေးလို့ အမြန်လုပ်ချင်ရင်တောင်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စောစီးစွာ မတ်လ (၂၇) ရက်နေ့ မတိုင်ခင် ခန့်ထားရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းရာတွင် လုပ်ထုံးလုပ်နည်းအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှတ်တော်မှာ မိတ်ဆက်ပေးရမှာ ဖြစ်သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းမည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ်လှမင်း၊ ဗိုလ်ချုပ်သိန်းဌေးတို့အား လွှတ်တော်တွင် တင်ပြရမှာဖြစ်ပြီး လွှတ်တော်က အတည်ပြု ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ထုံးလုပ်နည်း လွဲမှားနေသလို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဘေးတွင် နေရာချထားပေးတဲ့ အစီအစဉ်မှာ နိုင်ငံတကာအမြင်တွင် မသင့်လျော်လှပါကြောင်း သုံးသပ် ဝေဖန်သွားပါတယ်။ ဆက်တိုက် ၀င်လာတဲ့သတင်းအရ စစ်ရာထူးခန့်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် အဆင့်နှင့် အထက် အရာရှိကြီးများ အချို့ လေတပ်စခန်းမှူးများ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန ကဲ့သို့သော အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွှေ့ရန် ယနေ့နှင့် သောကြာနေ့တွင် အမိန့်ထွက်ရန်ရှိကြောင်း သတင်းရရှိပါတယ်။

No comments: