.

.

.

April 3, 2011

ကျားသေကို အသက်သွင်း အာဏာရှင်တို့သတင်း

စစ်တပ်နှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးပေးပို့လာသည့် သတင်းအရ စစ်တပ်အနေဖြင့် ယခင်က ပါဝင် ကြီးကြပ်လျက်ရှိသော စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များတွင် ယခုအခါ ပါဝင်ပတ်သက်ခြင်း မပြုကြတော့ရန် ကက(ကြည်း)မှ ညွှန်ကြားလာကြောင်း သိရှိရပါသည်။ ဥပမာ - ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ သင်္ဘောဆိပ်ကမ်း၊ တပ်နယ်ကုန်ဈေးနှုန်း ကြီးကြပ်ရေး၊ တရားမဝင် ဂိတ်ကြေးများ စသည်တို့ကို စစ်တပ်မှ ကိုင်တွယ်ခြင်း မပြုကြရန် ဖြစ်ပါသည်။ ထိုကဲ့သို့ ညွှန်ကြားချက်ကို မည်မျှလောက် အတိုင်းအတာအထိ လိုက်နာနိုင်မည် ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်မည်ဟု ပြောဆိုနေကြပါသည်။ ထို့အပြင် ထိုလုပ်ငန်းများမှ ရရှိနေသော သက်သာချောင်ချိရေး ခေါင်းစဉ်အောက်မှ ဆက်ကြေးများကို မရရှိတော့ပဲ တိုင်းစစ်ဌာနချုပ်ရော တပ်ရင်း တပ်ဖွဲ့များပါ အပိုဝင်ငွေ မရှိကြတော့သည့် အခြေအနေ ဖြစ်နေရာ စီးပွားရေးကြပ်တည်းမှုကြောင့် တပ်တွင်းပေါက်ကွဲမှုလည်း အချိန်မရွေး ဖြစ်ပေါ်နိုင်ကြောင်း၊ ကျားသေကို အသက်သွင်းသလို ကိုယ့်ရူးကိုယ်ပတ်မည့် အာဏာရှင်တို့၏ လုပ်ရပ်ဖြစ်ကြောင်း သတင်းပေးပို့လာပါသည်။ တိုင်းမှူးကတော်များ ဈေးဝယ်ထွက်လျှင် ယခင် ငွေလိုက်ရှင်းပေးနေသည့် စီးပွါးရေးသမားများက အနားကပ် မလာတော့သဖြင့် ကိုယ်တိုင် ငွေချေနေရသော အဖြစ်များကြောင့် မကျေနပ်သံများ ထွက်လာနေကြောင်းလည်း သိရှိရပါသည်။ တပ်ရင်းများမှလည်း အပိုငွေ မ၀င်တော့သဖြင့် ယခင်လို လူကြီးများ တပ်စစ်လာသည်ကို ဧည့်မခံနိုင်တော့သည့်အပြင် အချင်းချင်း လုပ်ပိုင်ခွင့် အာဏာလုကြမည့် အခြေအနေ ရှိနေကြောင်း သိရှိရပါသည်။ ပို၍ဆိုးသည်မှာ တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်များသည် စီနီယာ အရာရှိကြီးများ ဖြစ်ခဲ့သည့်အားလျော်စွာ ဂျူနီယာ အရာရှိကြီးများ ဖြစ်ကြသည့် တိုင်းမှူးများနှင့် လုပ်ပိုင်ခွင့် အာဏာလုမှုကြောင့် သက်သာချောင်ချိရေး၊ စီးပွားရေးလုပ်ငန်းများတွင် ပြဿနာတက်မည့် အရိပ်အရောင်များ ပေါ်ထွက်လာကြောင်း သတင်းရရှိပါသည်။ အမှန်တကယ် စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်ကာ ပြည်သူ့လက်တွင်း အာဏာအပ်နှင်းပါလျှင် တိုင်းပြည်အတွက် များစွာအကျိုးရှိနိုင်သလို တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာရှိမည် ဖြစ်သော်လည်း အာဏာရူး ထိပ်ပိုင်းစစ်ခေါင်းဆောင်များကြောင့် မိအေးနှစ်ခါနာရကြောင်း၊ နောက်ပိုင်းတွင် ရဲနှင့် စစစတို့ နေရာရလာကြမည် ဖြစ်ကြောင်းလည်း သုံးသပ် တင်ပြလာပါသည်။

No comments: