.

.

.

April 12, 2011

သန်းရွှေနဲ့မင်းအောင်လှိုင် ဘယ်သူနိုင်


၁၀ - ၄ -၂၀၁၁ ရက်နေ့မှစကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓါတ်ပုံများအား တပ်အသီးသီးရှိ ချိတ်ဆွဲထားရာ နေရာအသီးသီးမှ ဖြုတ်ပြီး သေချာစွာ သိမ်းဆည်းထားရန် ကကကြည်းမှ ညွှန်ကြားခဲ့ပြီး ချက်ချင်း ဆောင်ရွက်ရန်နှင့် ဖြုတ်ပြီးကြောင်း ဖုံးဖြင့်ပြန်လည် တင်ပြကြရန်လည်း ညွှန်ကြားထားကြောင်း သတင်းပေးပို့လာပါသည်။

ထို့ပြင် ယခင် ဗိုလ်ချုပ်မှူးကြီး၏ အစီအစဉ်အရ အရပ်ဘက် ၀န်ကြီးဌာနအသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ၀န်ကြီးဌာန အသီးသီးရှိ လစ်လပ်ရာထူးများနှင့် တိုက်ဆိုင် ပြင်ဆင်ထားသော တပ်မတော်မှအရာရှိများ (ဒုဗိုလ်မှူးကြီးမှ ဗိုလ်ကြီးအဆင့်) အမည်စာရင်းအား အတည်ပြုရန် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြရာ ကြည်းတပ်မှအပ ကျန်ရေတပ်၊ လေတပ်နှင့် လက်ရုံးတပ်ဖွဲ့များမှ အရာရှိများအား ဆိုင်းငံ့ထားရန် ညွှန်ကြားလာသဖြင့် လေချုပ် ရေချုပ် အပါအ၀င် ဗိုလ်ချုပ်များအားလုံးက အံ့သြသွားခဲ့ကြသည်ဟု သိရှိရပါသည်။ ဦးသန်းရွှေဓါတ်ပုံဖြုတ်ရန် အမိန့်နှင့်အတူ ယခု ဖြစ်စဉ်ကြောင့် ဦးသန်းရွှေ၏ အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွေ့ရန် စီစဉ်ထားသည့် အမိန့်ကို တပ်ချုပ်အသစ်မှ မလိုက်နာတော့သော သဘောဟုတ်/မဟုတ် စဉ်းစားစရာ ဖြစ်နေကြောင်း၊ တပ်ချုပ်အသစ် အနေဖြင့် ဦးသန်းရွှေ၏ အမိန့်အား မလိုက်နာတော့ဟု ဆိုပါက ဦးသန်းရွှေမှ ဒီအတိုင်း ကြည့်နေ/မနေ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ ရှေ့ရေးအား တပ်မှူးများ၊ ဗိုလ်မှူးအဆင့် အရာရှိများအထိက စဉ်းစား ဆွေးနွေးစရာများအဖြစ် နှစ်သစ်ကူးပိတ်ရက်တွင် ပြောဆိုနေကြကြောင်း အထူးသတင်းအဖြစ် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ စစ်ဖက်နီးစပ်သူများမှ သတင်း ပေးပို့လာပါသည်။

အထက်ပါ သတင်းများကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး ဖြစ်သွားသော ယခင် စစ်ဦးစီးဗိုလ်မှူးကြီး(စက်မှုလက်မှု) ဗိုလ်မှူးကြီးချန်မောင် ယခုဦးချန်မောင်နှင့် ချိတ်ဆက်ကာ ၀န်ကြီးဌာနအသစ်သို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြသော လေတပ်မှ ခွက်ပျောက်စစ်ဗိုလ် အုပ်စုဝင်များအကြားတွင် မကျေနပ်မှုများ ဖြစ်ပွါးနေကြကြောင်းလည်း သိရှိရပါသည်။ ယခင်တပ်ချုပ်မှ တပ်မတော်အတွင်း ရာထူးလည်း မပေးနိုင်၊ ကြည်းတပ်နဲ့ လေတပ်မှအရာရှိအများစု အနေနှင့် အခြားသော အရပ်ဘက်ဝန်ထမ်းများကို မထိခိုက်သည့် ၀န်ကြီးဌာန အသစ်သို့ ပြောင်းရန် ပြင်သောအခါတွင်မှ ယခုလို ပြောင်းရွေ့ခွင့် မရသေးခြင်းသည် သူတို့၏ အခွင့်အလမ်းကို ပိတ်သည်ဟု ထင်မြင် ယူဆနေကြ၍ မကျေမနပ် ဖြစ်နေကြကြောင်းလည်း သတင်းပေးပို့လာပါသည်။

No comments: