.

.

.

May 16, 2011

ထူးထူးခြားခြား လေတပ်အပြောင်းအရွေ့

တပ်မတော်လေတွင် အသုံးပြုနေသော MI-17 ရဟတ်ယာဉ်

၁။ ထူးထူးခြားခြား လေတပ်ရဲ့အပြောင်းအရွေ့ သတင်းများအား “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) က အရာရှိများနဲ့ နီးစပ်သူများထံမှ သတင်း ပေးပို့လာပါတယ်။ စစ်ရုံးမှ ကြီးမှူးကျင်းပတဲ့ ရာထူးတိုးမြှင့်မယ့် အရာရှိကြီးများအတွက် အထူး နှစ်ပတ်သင်တန်းဟာ ၂၅-၄-၂၀၁၁ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၅-၅-၂၀၁၁ တွင် ပြီးစီးခဲ့ပါတယ်။ အဲဒီသင်တန်းမှာ လေတပ်မှ (၁၈) ဦး ပါရှိပြီး သူတို့အား တာဝန်ပေးအပ်မယ့် တပ်သစ်များစာရင်း အမိန့်ထွက်မလာပဲ ယာယီ ဒုတိယ ဗိုလ်မှူးကြီးများအဖြစ်နဲ့ မူလတပ်များတွင်သာ အမိန့်ထုတ်မည့်နေ့ကို ပြန်စောင့်နေကြရကြောင်း သိရှိရပါတယ်။

၂။ သို့သော်လည်း MiG-29 မောင်းသော လေသူရဲတစ်ဦးဖြစ်သူ D.S.A - 38 ဆင်း ဗိုလ်မှူးလှိုင်မြင့်နဲ့ F-7 မောင်းတဲ့ D.S.A-38 ဆင်း ဗိုလ်မှူးလင်းကို တို့ နှစ်ဦးမှာမူ ၅-၅-၂၀၁၁ ရက်နေ့တွင်ပင် ဒုတိယဗိုလ်မှူးကြီး အပွင့်များ တင်ခဲ့ပြီးကြောင်း သိရှိရပါတယ်။ လေသူရဲ (၉) ဦး အနက် တန်းပြီး အပွင့်တင် ရသူများမှလွဲကာ ကျန်သူများဟာ အုပ်ချုပ်ရေး တပ်မှူး၊ လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲမှု ဌာနမှူး ရာထူးများဖြင့် လေတပ်စခန်း အသီးသီးသို့ ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။

၃။ တဖန် စက်မှုလက်မှု အရာရှိ (၉) ဦး စလုံးကတော့ လထခ (ရှမ်းတဲ) ရှိ ရဟတ်ယာဉ် ထုတ်လုပ်ရေးဌာန (Mi-17 ရဟတ်ယာဉ်စက်ရုံ) သို့ ရောက်ရှိကြပါတယ်။ ကျန်နေသော ခွက်ပျောက် အရာရှိများအနက် စစ်ဦးစီး အရာရှိချုပ် (လေ) နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) တို့နှင့် နီးစပ်သူများသာ ၀န်ကြီးဌာနအချို့သို့ ပြောင်းလဲပြီး တာဝန် ထမ်းဆောင် စေကြောင်း သိရှိရပါတယ်။

၎။ အဆိုပါ ခွက်ပျောက်အရာရှိ အချို့ကိုသာ တပ်မှ နှုတ်ထွက်ခွင့် ပြုပေးခဲ့ပြီး ကျန်အရာရှိများရဲ့ ရှေ့ရေးအတွက်ကိုတော့ စဉ်းစားပေးခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ ထိုသို့သော အရာရှိများမှာ နှုတ်ထွက်စာများ အသီးသီး တင်ခဲ့ကြသော်လည်း လေတပ်စခန်းမှူးများမှ ၄င်းတို့အား ကာကွယ်ရေးဦးစီးချုပ် (လေ) က ဆူပူ ကြိမ်းမောင်းမည်ကို စိုးရိမ်ပြီး ဆက်လက် ထားရှိကြောင်း သိရှိရပါတယ်။ အချို့သော သူများကလည်း မည်သည့် အချိန်ကာလအထိ ၄င်းတို့အား ဤသို့ ထမင်းမစား ကွမ်းမစား ဆက်ထားနိုင်မည်ကို စောင့်ကြည့်မည်ဟု ဆိုကာ နှုတ်ထွက်စာလည်းမတင်၊ အရပ်ဘက်ပြောင်းရန်လည်း မကြိုးစားပဲ ပေကပ်ကာ နေနေကြကြောင်း သတင်းရရှိပါတယ်။

၅။ မကြာခင်ကမှ ဗိုလ်မှူးအဆင့် ရရှိထားသော D.S.A-41 နှင့် D.S.A-42 တို့မှ အရာရှိများတွင်လည်း များပြားလှသော ဗိုလ်မှူးများထဲတွင် ဒုဗိုလ်မှူးကြီးဖြစ်ရန် မလွယ်ဟု သုံးသပ်ကာ ပြင်ပတွင် ရပ်တည်နိုင်ရေး အတွက် ဆုံးဖြတ်သူ များလာပြီး နှုတ်ထွက်ခွင့်များ တင်နေခြင်းကြောင့် လေတပ်စခန်းမှူးများမှ နည်းမျိုးစုံဖြင့် ထွက်စာတင်သူများအား ချော့မော့ ဖြောင်းဖျနေကြရကြောင်းနှင့် နှုတ်ထွက်ခွင့် တင်သူစာရင်းကိုမူ စစ်ဦးစီး အရာရှိချုပ် (လေ) ထံ တင်ပြထားကြကြောင်း သိရှိရပါတယ်။ အဆိုပါ ထွက်စာတင်သူများမှာ (၄၀) ဦးခန့်ရှိပြီး (၁၀) ဦးခန့်ကို ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

၆။ အထက်ပါ အခြေအနေများကြောင့် လေတပ်စခန်း အသီးသီးတွင်ရှိတဲ့ အရာရှိများနှင့် ပတ်သက်ပြီး လုပ်ငန်းကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေသဘောထားများအား လေတပ်စခန်းမှူးများ ကိုယ်တိုင် ရေးသား သုံးသပ်သော မှတ်ချက်များအား ၅-၅-၂၀၁၁ ရက်နေ့အရောက် ကက (လေ) သို့ လျှို့ဝှက်လုံခြုံစွာ ပေးပို့ရန် ညွှန်ကြားခဲ့ပါတယ်။

၇။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထက် Senior ကျတဲ့ လေချုပ် အနေနဲ့ အဆင့်တိုးမြှင့်ရေးနှင့် ပတ်သက်ကာ နစ်နာမှု၊ မညီမျှမှုများ ခံစားနေရသော များပြားလှသည့် လေတပ်မှ အရာရှိများ၏ အခြေအနေကို ကောင်းမွန်လှပစွာ ဖြေရှင်းပေးနိုင်ရန် နည်းလမ်းရှာသော ခြေလှမ်းတစ်ခု ဖြစ်လိမ့်မည်ဟုတော့ လေတပ်နဲ့ နီးစပ်သူများက မျှော်လင့် သုံးသပ်နေကြကြောင်း သတင်းရရှိပါတယ်။

No comments: