.

.

.

June 21, 2011

အာဏာအလွှဲအပြောင်း နောက်ပိုင်း တပ်တွင်းပြဿနာများ

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး

လွှတ်တော်များဖွဲ့စည်းကာ အစိုးရအသစ် ပေါ်ထွက်လာသည်ဖြစ်ရာ ပြည်တွင်းရှိ တပ်မတော်အတွင်း ဖြစ်ပျက်နေမှုများကို လေ့လာသူများက သိချင်နေကြပါတယ်။ ဒါကြောင့် စစ်ဘက်နီးစပ်သူများက တပ်တွင်း ပြဿနာများနဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး အခြေအနေတွေကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ကြားဖြတ်သတင်း ပေးပို့လာပါတယ်။

မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းဖြစ်တဲ့ မြိတ်မြို့တွင် အခြေပြုသော ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ) တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးက သူ့တိုင်းလက်အောက်ခံ ( ကြည်း၊ ရေ၊ လေ ) တပ်များ၊ လက်ရုံး တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများအားလုံးကို ဦးပိုင်ရှယ်ယာ သိန်း ၃၀ ကျပ် ပြည့်ရန် တစ်လလျှင် အနည်းဆုံး ၁ သိန်းကျပ်စီ ထည့်ကြရန် ညွှန်ကြားချက် ထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ကျန်တိုင်းစစ်ဌာနချုပ်များမှာတော့ အမိန့်မထွက်သေးဘဲ ထူးထူးခြားခြား အမိန့်ထုတ်လာတာကြောင့် အရာရှိများ အံ့သြကုန်ကြပါတယ်။ အထက်ဌာနမှ အမှန်တကယ် ညွှန်ကြားချက်ကို မသိရပဲ တိုင်းမှူးက လုပ်ချင်ရာလုပ်နေတဲ့ သဘောဖြစ်ကြောင်း သိရှိရပါတယ်။

အမှန်တကယ် အရာရှိများ ရတဲ့ လစာကမှ ကျပ် ၁ သိန်း ခွဲမို့ အရာရှိငယ်များ မကျေနပ်ကြသော်လည်း ဘာမှ မတတ်နိုင်ကြောင်း သိရှိရပါတယ်။ ရေတပ်ကတော့ အရာရှိများအနေဖြင့် တယောက် ၂ သိန်းကျပ်စီ ထည့်မယ်လို့ ပြောပါတယ်။ ထားဝယ်နဲ့ မြိတ်ကြား ကားလမ်းမှာလည်း ရွှေဝယ်ရတနာ အပါအ၀င် ကား ၅ စီးကို လက်နက်ကိုင်တဖွဲ့က ဆက်ကြေး လစဉ် ကားလိုင်း တလိုင်း လျှင် ၁၀ သိန်း ကျပ် ပေးရန် ပြောသွားတယ်လို့ သိရှိရပါတယ်။ တနင်္သာရီတိုင်း အေးချမ်းသာယာတယ်ဆိုပြီး ထားဝယ်နှင့်မြိတ် ကားလမ်းမရဲ့ လုံခြုံရေးကိုတောင် တာဝန်မယူနိုင်တဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးအဖို့ သိက္ခာကျစရာ ဖြစ်နေတယ်လို့ စစ်ဘက်နီးစပ်သူများက ဝေဖန်ကြပါတယ်။

အဲဒီသတင်းကြားလို့ တိုင်းမှူး ဒေါကန်ပြီး မြိတ်မြို့အနီးရှိ မြိတ်တောင်မှာ တိုင်းရင်းသားလက်နက်ကိုင် များရဲ့ အမာခံလူများ ရှိသည်ဆိုကာ ပြည်သူများအား စစ်ဒေသ တာဝန်ယူသော တပ်နှင့် ရဲ၊ စစစ တို့က နေ့ညမပြတ် စစ်ဆေးနှိပ်ကွပ်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ထံ ကုန်သည်အသိုင်းအဝိုင်းက အကျိုးစီပွားအတွက် အစွမ်းကုန် ချဉ်းကပ်သလောက် တိုင်းမှူးကိုတော့ လုပ်ပိုင်ခွင့် မရှိတော့တဲ့အတွက် ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတယ်လို့ သိရပါတယ်။

တိုင်းမှူးဟာ အရပ်ဘက် ကုန်သည်တို့ထံမှ ငွေကြေး (လဘ်လာဘ) ရစရာ မရှိတော့သောကြောင့် ကျွန်းစုရှိ ရေတပ်စခန်းသို့ တပတ် တကြိမ် လေ့လာရေးဟု အကြောင်းပြကာ ရေတပ်မှ လက်ဆောင် (လဘ်လာဘ) မျှော်ကိုးပြီး ခရီးမကြာခဏ ထွက်နေခြင်းကိုပင် မြို့သူမြို့သားများက ဟာသ ဖြစ်နေပါကြောင်း သတင်းပေးပို့လာပါတယ်။

No comments: