.

.

.

July 22, 2011

အခြေခံကပြန်လည်တည်ဆောက်ရမည့် နိုင်ငံတော်နှင့် တပ်မတော် - အပိုင်း (၇)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်


နိုင်ငံတိုင်းမှာ ကျင့်သုံးတဲ့ ( Etiquette ) ခေါ် လူမှုကျင့်ဝတ် လမ်းညွှန်ချက်များမှာ အချို့အချက်အလက်တွေဟာ သက်ဆိုင်ရာ ဘာသာတရားက လောကီကြီးပွားကြောင်း ညွှန်ကြားပြသချက်များအပေါ် သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မှီးထားကြပါသေးသည်။ မြန်မာနိုင်ငံမှာလည်း လောကနီတိများ ရှိ၏။ အချို့က စစ်အစိုးရ သက်တမ်းရှည်နေတာ လောကနီတိတွေ၊ ဘာသာရေးအဆုံးအမတွေကြောင့် လို့တောင် အပေါ်ယံတွေးတော မှားယွင်းနေကြ၏။ လောကနီတိသည် ဘုရားဟောမဟုတ်ပဲ လူပညာရှိများက အတွေ့အကြုံများအပေါ် မူတည်၍ နောင်လာနောက်သားတို့အတွက် သွန်သင်ဆုံးမ လမ်းညွှန်ပြသပေးထားခြင်းသာ ဖြစ်သဖြင့် ခေတ်ကာလ အခြေအနေအရ လိုတာယူ၊ မလိုတာမယူ ဖို့သာဖြစ်၏။ အပြစ်တင်ခြင်းငှါ မထိုက်ပါ။ ဘုရားဟောသည် လောကသစ္စာ အမှန်တရားကိုသာ ဟောကြားဆုံးမထားခြင်း ဖြစ်၏။

လူမျိုးနေရာဒေသ ဘာသာတရားမရွေး သံပုရာသီးစားလျင် ချဉ်ကြမည်ဖြစ်သလို လောကဓမ္မသဘာဝအရ ကောင်းတာလုပ်လျင် ကောင်းကျိုး၊ မကောင်းတာလုပ်လျင် မကောင်းကျိုး လူမျိုးဘာသာနေရာဒေသမရွေး နွားသွားရာ လှည်းဘီးအစဉ်လိုက်သလို ခံစားရမှာပင်။ ချဉ်ပင်စိုက်လျင် ချဉ်သီးစားရမည် အချိုပင်စိုက်လျင် အချိုသီးစားရမည် ဆိုသည့် ဆိုစကားကဲ့သို့ပင် ဖြစ်သည်။ လူ့ကျင့်ဝတ် ၊ လူ့သီလတရား မရှိလျင်လည်း ထို့အတူပင်။ ကံအကျိုးပေးကိုတော့ လိမ်ညာဖုံးဖိ၍ မရပါ။ နားလည်သိရှိသည်ဖြစ်စေ နားမလည် မသိသည်ဖြစ်စေ ကံ၊ ကံ၏ အကျိုးပေးအတိုင်း လူမျိုးဘာသာမရွေး ကမ္ဘာနေရာဒေသမရွေး ရရှိခံစားရမည်မှာ သေချာသော သဘောတရား ဖြစ်၏။

လက်တွေ့ဘဝမှာပင် ကောင်းတာလုပ်သော ကောင်းကျိုးရပြီး မကောင်းတာလုပ်သောသူ မကောင်းကျိုးရတာ မြင်နိုင်ပါမည်။ ဥပမာ စကားကို လူနှစ်သက်အောင် မှန်မှန်ကန်ကန် ပြောတတ်သူဆိုလျင် လူနှစ်သက်သည်။ ဘုဂလန့်နှင့် ကြမ်းတမ်းယုတ်ညံ့သော စကား၊ ဆဲဆိုသော စကားများနှင့် ပြောတတ်သူကို လူမုန်းများသည်မှာ လက်တွေ့ကျသည် မဟုတ်ပါလော။ မတရားအနိုင်ကျင့် နှိပ်စက်ညဉ်းပန်းမှုများကိုမူ လူသားတို့က နည်းအမျိုးမျိုးဖြင့် လွတ်မြောက်အောင် လုပ်ဆောင်ကြမည်သာ ဖြစ်၏။ ကုသိုလ်၊ အကုသိုလ်ကတော့ လောကဓမ္မအရ ရှိမည်သာ ဖြစ်၏။ ဘာသာရေးကို သွား၍ ဖီလာတိုက် အစွန်းရောက်စရာ အကြောင်းမဟုတ်ပါ။ ဗုဒ္ဓသည် ယင်းတိုက်တောအတွင်း ယင်းတိုက်ရွက်များကို လက်တဆုပ်ယူ၍ ရဟန်းတို့ ငါဘုရား ဟောကြားသော တရားတို့သည် ဤလက်ဖဝါးပေါ်မှယင်းတိုက်ရွက် ပမာဏသာရှိ၏။ လူတို့အတွက် အကျိုးမဖြစ် နိဗ္ဗာန်နှင့် မသက်ဆိုင် အချိန်လည်း ဆုတ်ယုတ်နိုင်သဖြင့် မဟောကြားသော တရားများမှာကား ဤယင်းတိုက်တော ပမာဏခန့် ရှိသကဲ့သို့ပင်တည်း ဟု မိန့်ကြားတော်မူခဲ့သည် ကို သတိပြုစေလို၏။ မိရိုးဖလာ ပေါက်ဆိန်ပေါက် ဦးချတတ်ရုံ သဒ္ဒါတရား ရှိပြီး၊ ပညာမရှိပုံလောက်နှင့်တော့ ဗုဒ္ဓဘာသာဝင်ပင်လျင် ဖြစ်စေကာမူ ကံနှင့် ကံအကျိုးပေး ဆန်းကြယ်ပုံ၊ အကုသိုလ်တရားကို ပိတ်ပင်တားမြစ်တတ်သော တရားသဘောနှင့် ကုသိုလ် အကုသိုလ်ကံတို့ အဟောသိကံဖြစ်ပုံ တို့ကို သိရှိသဘောပေါက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဘာသာတရားဟူသည် လူ့လောက ကောင်းကျိုးကို ဆောင်ကျဉ်းပြီး၊ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ပြုတတ်ကြောင်း တင်ပြလိုသည်။ ဘာသာတရားကို လက်ဆင့်ကမ်းဆောင်ယူ သင်ကြားပို့ချ၍ အဆုံးအမပေးပြီး ကိုယ်တိုင်လည်းကျင့်ကြံ အားထုတ်နေကြကုန်သော ဘာသာရေးလမ်းပြ ဖြစ်သူတို့အားလည်း လေးစားစွာ ဆည်းကပ်ကိုးကွယ် ထိုက်ကုန်၏။ ရွှေဝါရောင်အရေးအခင်းတွင် အာဏာရှင်ကြီး အလိုကျ ရဟန်းသံဃာတော်များကို ပစ်ခတ်သတ်ဖြတ် ရိုက်နှက်ညှင်းပန်းခဲ့ခြင်းသည် ကြီးမားသော အကုသိုလ် ကံကြီးကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။ ဘာသာရေး အမြင်ကိုထား၍ လူ့လောက အမြင်တခုနှင့် ကြည့်လျင်ပင် အလွန်မတင့်တယ်သော စက်ဆုပ်ရွံရှာဖွယ် ကောင်းသော အပြုအမူကြီးသာ ဖြစ်သည်။ ထိုသူများ လက်တွေ့ဘဝတွင်ပင် လူတောမတိုးနိုင်သည်မှာ မျက်မြင်ကိုယ်တွေ့ ဖြစ်ကုန်၏။ တဖန် ရဲသော်မသေ၊ သေသော်ငရဲမလား ဟူသည့် တပ်မတော်ဦးထုပ်တံဆိပ်ပါ စာတန်းလေးအတွက် ဆန်းစစ်ကြပါဦးစို့။

No comments: