.

.

.

July 26, 2011

လေချုပ်ရဲ့ပေါက်ပြဲနေတဲ့ လုံခြုံရေးကွန်ယက်

တပ်မတော်(လေ)မှ up to date လျှို့ဝှက် သတင်းများ၊ လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ လေတပ်စခန်း အသီးသီးမှ အောက်ခြေ အရာရှိ စစ်သည်တွေရဲ့ ရာထူးတိုးမြင့်ရေး နစ်နာနေမှုများနဲ့ စားဝတ်နေရေး အဆင်မပြေမှုများကို အင်တာနက် စာမျက်နှာများ အပေါ်တွင် ဖွင့်ချ ခံနေရမှုများအား ကာကွယ် တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာ အစီအမံများ ရှိနေကြောင်း လေတပ် အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။

၂၀၁၀ ခုနှစ်အတွင်းမှစကာ ကက(လေ) အနေနှင့်ရော ကျန် ညွန်ကြားရေးမှုးရုံး တပ်ဖွဲ့များနှင့် သော်လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အဓိက သတင်းဖြန့်ချီ စုဆောင်းနေတဲ့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org အား IT နည်းပညာအရ DDOS အပါအဝင် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်သွားရန် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် စစ်ဦးစီးမှူး (ပထမတန်း) အဆင့်ရှိ အရာရှိကြီးများ မကြာခဏ ဆွေးနွေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

လချုပ် ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း UAV လေယာဉ်ကို ဦးသန်းရွှေအား ရှင်းပြနေပုံ

လေတပ်အတွင်းမှ သတင်းပေး ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သံသယရှိသူများအား စုံစမ်းခြင်း၊ ကန့်သတ်ခြင်း၊ ထောက်လှမ်းခြင်း၊ ယောင်ပြ သတင်းမှားများဖြင့် ထောင်ချောက်ဆင်ခြင်း၊ စောင့်ကြည့် ခြင်း စတဲ့ နည်းလမ်းများဖြင့် စုံစမ်းရှာ ဖွေနေတယ်လို့ သိရှိရပါတယ်။ အချို့အား အဆင်ပြေစေရန် ဖန်တီးပေးခြင်း၊ အချို့အား တပ်မတော်(လေ)မှ တဖြည်းဖြည်း ရှင်းလင်းတဲ့ နည်းလမ်းကို ကျင့်သုံးခြင်း၊ အချို့အား သတင်းရင်းမြစ်ဖော်ထုတ်နိုင်သည့် အထိ စောင့်ကြည့်ပြီးမှ သုတ်သင်ခြင်းတို့ ဆောင်ရွက်မည် စတာတွေ အပါအဝင် အကြမ်းဖျင်း စီမံထားသည်ဟု သိရပါတယ်။

ဒါပေမဲ့ ဘယ်လိုဘဲ စက်ကွင်းချုံ့ချုံ့ Focus ဆွဲလို့မရဘဲ ဖြစ်နိုင်ခြေ ရှိသူများမှာ တစတစ များလာသကဲ့သို့ အင်တာနက် စာမျက်နှာထက်မှ သတင်း အချက်အလက်များ ကွယ်ပျောက်သွားခြင်း မရှိကြလို့ အောက်ပါ အုပ်စုများအား သတိထား စောင့်ကြည့်ခဲ့ပါတယ်-

(က) ဒုဗိုလ်မှူးကြီး အဆင့်နှင့် အထက် အရာရှိကြီးများအနက် အသက်/ဘွဲ့ ကန့်သတ်ချက်ကြောင့် (ဥစတ/နကတ) မတက်ရတော့ဘဲ ယောင်လည်လည် ဖြစ်နေသူများ အပါအ၀င် အကြောင်း အမျိုးမျိုးကြောင့် အဆင့်တိုးရန် မရှိတော့ဘဲ တပ်မတော် အကြီးအကဲများရဲ့ မူအမျိုးမျိုးကြောင့် သူတို့ဘ၀ တက်လမ်းပိတ်ရသည်ဟု နာကြည်းကာ တပ်မတော်အပေါ် စိတ်ကုန်နေသူများ၊

(ခ) ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးကြီးများထဲမှ DSA 41 နှင့် 42 အပတ်စဉ် ဗိုလ်မှူး တင်ပြီးခါစ မှာပင် နှုတ်ထွက်ရန် ကြံစည်နေသူများနဲ့ အရပ်ဘက် ၀န်ကြီးဌာနသို့ ပြောင်းရန် ကြိုးစားနေသူများ အပြင် စက်မှုလက်မှု ဌာနခွဲအောက်မှ B.E ဘွဲ့ရမဟုတ်တဲ့ ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးကြီးအားလုံး အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် တပ်မတော်မှ နှုတ်ထွက်ရန် ပြင်ဆင်နေသူများ၊

(ဂ) အကြောင်း အမျိုးမျိုးကြောင့် လေယာဉ်ပျံသန်းခွင့် ရပ်ဆိုင်းခံရပြီး အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များအား ဆောင်ရွက်ရန် တွဲဘက်ထားတဲ့ အရာရှိငယ်များအားလုံး။

(ဃ) IT နည်းပညာနှင့် ပတ်သက်လို့ ကျွမ်းကျင်မှုတွင် ကျော်ဇောတဲ့၊ အင်တာနက် သုံးစွဲမှုများပြားသော၊ ပြည်ပနှင့် ဆက်သွယ်မှုများသော၊ သိသင့်သော သတင်း အချက် အလက်များထက် ပိုသိနေတတ်တဲ့ အရာရှိငယ်များအား လုံး။

(င) လေသူရဲ ဌာနခွဲအောက်ရှိ လေကြောင်းအချက်ပြ/ လေကြောင်းလမ်းပြ/ လေကြောင်းစက်ပစ် လုပ်ငန်းအသီးသီးမှ အရာရှိဖြစ်လာတဲ့ ဗိုလ်သင်တန်း အပတ်စဉ် (၉၉) နှင့် (၁၀၀) မှ ဗိုလ်ကြီးအဆင့် အရာရှိများ အားလုံး။

(စ) စက်မှုလက်မှု ဌာနခွဲအောက်ရှိ လျှပ်စစ်၊ လက်နက် နှင့် ရေဒီယို လုပ်ငန်း ၃ ခုမှ B.E ဘွဲ့ရမဟုတ်တဲ့ ၁၉၉၄ မှ ၁၉၉၉ ထိ ပြန်တမ်းဝင်းအရာရှိ ကော်မရှင်နှစ်အတွင်း အရာရှိဖြစ်လာခဲ့သည့် ဗိုလ်ကြီး အဆင့် အရာရှိများအားလုံး။

(ဆ) အကြောင်း အမျိုးမျိုးကြောင့် မိမိအပတ်စဉ်နှင့် အတူတူ အဆင့်တိုးမြှင့် မခံရဘဲ ကျန်ရှိနေခဲ့တဲ့ လေသူရဲနှင့် စက်မှု လက်မှုအရာရှိများ။

(ဇ) အထက်ပါ အုပ်စု ၇ စုတွင် မပါဝင်စေကာမူ အခြားစီးပွားရေး လုပ်ငန်းလည်း မရှိ၊ တောင့်တင်းသော မိသားစု နောက်ခံလည်းမရှိ၊ အခြားဝင်ငွေရရှိနိုင်သော အနေအထားလည်း မရှိပါလျှက်နဲ့ ချောင်လည်စွာ နေထိုင်နိုင်နေသော အရာရှိများ။

အထက်ပါ အုပ်စု ၈ စုအား ခွဲခြား စောင့်ကြည့်နေစဉ်မှာပင် အချို့သော ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး (လေသူရဲနဲ့ စက်မှုလက်မှုဌာန) များအား ၀န်ကြီးဌာနအချို့သို့ ပြောင်းပေးခြင်း၊ အချို့ကို နှုတ်ထွက်ခွင့် ပြုခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အုပ်စု(င)မှ အရာရှိများ အားလုံးကို (၇-၆-၂၀၁၁) ရက်နေ့တွင် ပို့ဆောင်ရေး ၀န်ကြီးဌာနသို့ တစုတစည်းတည်း ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ အုပ်စု(ဂ)မှ အရာရှိငယ်များအား မော်တော်ယာဉ်၊ တပ်ထောက်၊ ငွေစာရင်း စတဲ့ အကြံအဖန် တရားမဝင် ငွေရစေတဲ့ အဆင်ပြေစေမည့် ဌာနများရဲ့ တာဝန်ခံ အရာရှိများအဖြစ် ၂၀၁၁ မေလ အတွင်း စစ်ရာထူးခန့်ချုပ်ရုံး ထူးအမိန့်ထုတ်ကာ ချွေးသိပ်ထားခဲ့တယ်လို့ သိရပါတယ်။ အုပ်စု(စ)နှင့် (ဆ)တို့မှ အရာရှိများကိုမူ အချို့ကို တဆင့်မြင့် တာဝန်တိုးယူရန် ထောက်ခံချက် ပေးမည်ဟု လည်းကောင်း၊ အချို့ကို ၀န်ကြီးဌာနအချို့သို့ ပြောင်းပေးမည်ဟု လည်းကောင်း ပြောကာ အာမချောင်ရန်၊ လိမ္မာကြရန် စည်းရုံးပြီး အသေးစိတ် စောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ အုပ်စု(ဃ)မှ အရာရှိများကိုမူ လေတပ်စခန်း ပြောင်းရွှေ့ခြင်း၊ နည်းပညာနှင့် မသက်ဆိုင်တဲ့ အလုပ်များ တာဝန်ပေးခြင်း၊ နည်းပညာအသုံးပြုရန် ခက်ခဲတဲ့ မီးအမြဲမရတဲ့ မဲဇာတပ်များသို့ ပြောင်းရွှေ့စေခြင်းဖြင့် ချောင်ထိုး ဆောင်ရွက်ခဲ့ပါတယ်။

အစည်းအဝေးတိုင်း အထူးသဖြင့် ကက(လေ)မှ ဦးစီးကျင်းပတဲ့ အစည်းအဝေးတိုင်းတွင် IT ပစ္စည်းများ (ကင်မရာပါတဲ့ ဖုံး၊ Memory Stick၊ Mutimedia Devices အားလုံး) အား အလေးထား ကန့်သတ်ခြင်း၊ စာအ၀င်အထွက်တွင် Computer အသုံးပြု Print သည်ဖြစ်ပါက Resource ရဲ့ အမှတ်အသားများ ပြုခြင်း၊ အရေးကြီး ကွန်ပျူတာများတွင် Output device များအား အထူး ကန့်သတ်ခြင်းတို့ ဆောင်ရွက်ထားသလို၊ အချို့သော အုပ်စုများမှ အရာရှိများရဲ့ လက်ကိုင်ဖုံးများအား ကြားဖြတ် နားထောင်ခြင်း၊ eMail များအား စစ်ဆေးခြင်းတို့ ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။

နည်းလမ်းမျိုးစုံဖြင့် တားဆီးနေတဲ့ကြားမှ လေတပ်အတွင်းမှ အသံများ ထွက်ပေါ်နေခြင်း အပေါ် ကာကွယ်ရေး ဦးစီးချုပ်(လေ)ဟာ အတော် မခံမရပ်နိုင် ဖြစ်နေပြီး သတင်းပေးအား ရှာတွေ့ပါက သေဒဏ်ပေးမည့်အပြင် အဲဒီ သတင်းပေးရဲ့ တပ်မှူးနှင့် သက်ဆိုင်ရာ လေတပ်စခန်း ဌာနချုပ်မှူး တွေဟာ ထွက်စာတင်ရမည်ဟု ကြိမ်းမောင်းထားပါတယ်။ သို့ဖြစ်ရာ ဌာနချုပ်မှူးတိုင်းဟာ စည်းလုံးခြင်းအင်အား ဝက်ဘ်ဆိုဒ်တွင် မိမိစခန်း အကြောင်းနှင့် ဓါတ်ပုံ မပါစေရေး အထူး သတိထား စောင့်ကြည့် နေကြရပါတယ်။ တပ်လှုပ်ရှားမှု မှတ်တမ်း ရိုက်ကူးရာတွင်ပင် ဖိုင်များအား ဌာနချုပ်မှူးရဲ့ ရှေ့မှောက်တွင် စိတ်ချရသူများကိုသာ ကူးပြောင်း သိမ်းဆည်းစေပြီး၊ အရေးကြီးပုံများအား လုံခြုံစွာ ထားရှိစေတဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။ ဒါ့အပြင် တပ်တွင်း ဈေးတန်းများမှ ဖုန်း ပြောဆိုမှုများအား စောင့်ကြည့်ရန် လျှို့ဝှက် တာဝန်ပေးရမှုများ၊ သံသယရှိသူများအား အလေးထား စောင့်ကြည့်မှုများကြောင့် အချင်းချင်း သံသယမျက်လုံးဖြင့် ကြည့်နေရမှုများ ရှိလာပါတယ်။ နာမည်ပြောင် “တရုတ်ကြီး” ဟု အခေါ်ခံနေကြ အရာရှိများဟာ ခေါ်လိုက်တိုင်း လေတပ်သားတို့ ၀ိုင်းကြည့်ခံရသဖြင့် ပြောင်းခေါ်ရန် တောင်းပန်ရတဲ့ ဖြစ်စဉ်များ ရှိနေကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: