.

.

.

July 28, 2011

တပ်ချုပ် မေ့နေတဲ့ တပ်တွင်းပြဿနာ

လေတပ်စခန်းဌာနချုပ်တစ်ခုရှိ အိမ်ထောင်သည်လိုင်းခန်း

အစိုးရသစ် တက်လာပြီး တပ်မတော် အောက်ခြေ အရာရှိစစ်သည်များရဲ့ ရုန်းကန်လှုပ်ရှားရမူ နောက်ဆုံး အခြေအနေများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းမှ တပ်ကြပ်ကြီးစာရေး တစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ စစ်သည်များအနေဖြင့် လစာတိုးရန် အခြေအနေကို မျှော်လင့်တကြီး စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။ ၂၀၁၁ ခုနှစ် မေ လ မှ စကာ စစ်ပြေးမှု၊ ခွင့်မဲ့ပျက်ကွက်မှုများ တပ်ရင်းတပ်ဖွဲ့ လေတပ်စခန်းတစ်ခုလျှင် ၅ ဦးခန့်အထိ တိုးပွါးလာနေတယ်လို့ သိရပါတယ်။ လစဉ် ပြန်တမ်းများ ပေးပို့တိုင်း တပ်ရေးဗိုလ်ကြီးနဲ့ ရုံးအုပ်ကြီးတို့ ခေါင်းခြင်းဆိုင်ပြီး ခွင့်မဲ့ ပျက်ကွက်စာရင်းကို ပျက်ကွက်တဲ့ ရက် ပေါ်မူတည်ပြီး အလျှော့အတင်း လုပ်ကြရပါတယ်။ တပ်တွေမှာ အရာရှိငယ်အချို့ရဲ့ ငွေကြေးလိမ်လည်မှု၊ ချဲ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားများနှင့် ဆက်နွယ်တဲ့ ငွေကြေးပြဿနာ လက်သိပ်ထိုး ဖြေရှင်းရမူများလည်း ရှိနေသလို၊ စစ်သည်မိသားစုဝင် ရဲမေများနှင့်ငွေကြေးချောင်လည်သော အိမ်ထောင်သည်စစ်သည်များရဲ့ လူမှုရေးအရှုပ်အရှင်းများလည်း တပ်တိုင်းမှာ ဖြစ်ပွါးနေပါတယ်။ အချို့သော စစ်သည်ရိပ်သာများနှင့် အရာရှိရိပ်သာများတွင် တာဝန်ခံများမှ ဖြစ်သလို ကျွေးကာ အရာရှိ/စစ်သည်များ စားသောက် ရေး အဆင်မပြေသလို၊ အဆောက်အဦးသစ်များအား တပ်စစ်လာစဉ် ဟန်ပြသာ နေခိုင်းထားပြီး အမှန်တကယ်တွင် ဖျက်သိမ်းခွင့် ကျပြီးတဲ့ အဆောက်အဦးများတွင်နေရခြင်း၊ အိမ်ထောင်သည်များနှင့် လူပျိုစစ်သည်များ အဆောင်တစ်ဆောင်တည်းတွင် နေနေရခြင်းတို့ ရှိနေပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

No comments: