.

.

.

February 3, 2009

စည်းလုံးညီညာ တို့အင်အား တောင်ပေါ်မြေပြန့်သား - အပိုင်း(၂)

စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တပ်မတော် - အပိုင်း(၂)

ဆောင်းပါးရှင် - ဗိုလ်စောစေးထူး

အမှန်တော့ စစ်အာဏာရှင် တစ်စုသည် တပ်မတော်ထဲ၌လည်း နှိပ်ကွပ်သည်များ ရှိ၏။ တပ်မတော်၌ ကချင်၊ ချင်း၊ နာဂ၊ ၀၊ ပလောင်၊ အခါ၊ ရခိုင်၊ ရှမ်း၊ ဗမာ၊ ကယား၊ ကရင် လူမျိုးအစုံ ရှိပါသည်။ (A) ပိုး (B) ပိုး (C) ပိုးဟု အများသိ နည်းပညာများဖြင့် ရေရေလည်လည် နှိပ်ကွပ်၏။ မျိုးဆက်ဖြတ်၏။ (A) ပိုး ဆိုသည်မှာ HIV/AIDS ရောဂါရှိသူများ ဖြစ်၏။(A)ပိုးကို အနားပေးရမည်မှာ သင့်လျှော်ပါသည်။

(B)ပိုး ကတော့ အသည်းရောင် အသားဝါ ရောဂါ ရှိသူများ ဖြစ်၏။ (B) ပိုးရောဂါကြောင့် အနားပေး စေရကာမူ တစ်သက်လုံးပင်ပန်း ဆင်းရဲစွာ စစ်မှုထမ်း ခဲ့ရသည်ကို မထောက်။ လက်လွတ်စပယ် ဖယ်ထုတ်၏။ (B) ပိုးဆိုသည့် အသည်းရောင် အသားဝါ (B)ကို ကုသရေး အစီအစဉ်နှင့် ကာကွယ်ပညာပေးရေး အစီအစဉ် မရှိ။ ထိုရောဂါရှင်မှာ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်သော်လည်း နယ်ဘက်သို့ ပြောင်းရွှေ့ပေးလိုက်သည်။ ထူးဆန်းသည်မှာ တရုတ် စစ်တပ်နှင့် ဗမာ စစ်တပ်၌သာ (B) ပိုးကြောင့် တပ်မှ အနားပေးမှု ရှိခြင်းနှင့် အရာရှိများကိုသာ ထိုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်၏။

(C) ပိုး ဆိုသည်မှာတော့ အခြားဘာသာဝင်ဖြစ်ခြင်းကြောင့် ရာထူးတက်လမ်း မရှိခြင်း ဖြစ်၏။ အခြား ဘာသာဝင်များမှာလည်း ဗမာ အနည်းငယ်သာ ရှိပြီး အခြား တိုင်းရင်းသား လူမျိုးစု အရာရှိများသာ အများစု ဖြစ်၏။ ယင်းအရာရှိများ အနေနှင့် စစ်သက်ကြာရှည်ပြီး စစ်ရေး အတွေ့အကြုံ ရှိသူများ၊ အရည်အချင်း ရှိသူများ၊ စစ်သား ပီသသူများ ဖြစ်ကြသော်လည်း ရာထူးတက်ခွင့် မရကြတော့သဖြင့် အတွေ့အကြုံလည်း နည်းသည့် နောက်ပေါက် Junior အရာရှိငယ်များ လက်အောက်၌ မျက်နှာငယ်စွာ အမှုထမ်း ဆောင်ရွက်ကြရလေသည်။

အချို့ လည်း ဇနီးမှာ အခြားဘာသာဝင် ဖြစ်နေ၍ ရာထူး မတက်မည် စိုးသဖြင့် သာသာ ပြောင်းကြရသည်။ အချို့လဲ အနှိမ်ခံ ဘ၀ဖြင့် ဆက်လက် တာဝန် ထမ်းဆောင်ကြသလို အချို့ လည်း လည်သလို အရပ်ဘက် ပြောင်းသွားကြ၏။ အချို့ လည်း မခံရပ်နိုင်၍ နှုတ်ထွက်ရ၏။ တနွယ်ငင် တစင်ပါ ဆိုသလို မိသားစုပါ ဒုက္ခ ရောက်တော့သည်။ မည်သည့် ပြစ်မှုမှ မကျူးလွန်ရပါပဲ ဤသို့ နှိပ်ကွပ်ခြင်းမှာ အခြားလူမျိုးစုအပေါ် ဖိနှိပ်ခြင်းသာ ဖြစ်၏။ ဤသို့ ဥာဏ်ပညာ အမြော်အမြင် နည်းပြီး၊ အမြင်ကျဉ်းမြောင်းသော စစ်အာဏာရှင်တစ်စုကြောင့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု မှာ စာရွက် မျက်နှာပေါ်၌သာ ရှိပြီး၊ လက်တွေ့ ဖြစ်မလာခဲ့ချေ။

စစ်အာဏာရှင်များကြောင့် “ငါး တစ်ကောင်နှင့် တစ်လှေ လုံး ပုတ်” ရ၏။ အခြား လူမျိုးစုများက ဗမာလူမျိုးစုကို အထင်အမြင် လွဲမှားကြရသည်။ အမှန်တော့ ဘာသာရေး ဆိုသည်မှာ လောကီအဆုံးအမများ ပါဝင် နေသော်လည်း မသိမမြင် နိုင်သည့် နောင်လာ လတံ္တ ဘ၀နှင့် ဆိုင်သော ယုံကြည်မှု လောကုတ္တရာ ကိစ္စသာ ဖြစ်သည်။ စစ်တိုက်စော်ကား အနိုင်ကျင့်၍၊ ငွေကြေး ရာထူး မက်လုံးပေး၍ ၊မျိုးပွား၍ ၊အဓမ္မပြု မကောင်းကြံ၍၊ အာဏာဖြင့် ခြိမ်းခြောက်၍ စသဖြင့် မစည်းရုံးအပ်။

လူတစ်ဦးချင်း အခွင့်အရေးအရ ကိုယ်ယုံကြည်ရာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိ၏။ ယောင်္ကျားက ယုံကြည်ရာ ဘာသာတစ်ခု၊ မိန်းမက ယုံကြည်ရာ ဘာသာတစ်ခု တစ်အိမ်ထဲ ဘုရားစင် နှစ်ခုလဲ ရှိနိုင်၏။ တရားဝင် အမိန့် မထုတ်သော်လည်း ရာထူးတက်ခွင့် ပိတ်ကာ ဘာသာရေးကို သွယ်ဝိုက်ထိပါးခြင်းသည် အနိုင်ကျင့်ခံရခြင်းသာ ဖြစ်သည်။ စစ်မှုထမ်းဆောင်ခြင်းနှင့် ဘာသာရေး တခြားစီ ဖြစ်၏။ တပ်ထဲ ၀င်ကာစကလည်း ဤ ကန့်သတ်ချက်များ ရှိခဲ့သည် မဟုတ်။ စစ်မှုထမ်း စာချုပ်၌လည်း မပါ။ ဗုဒ္ဓဘာသာကို ဦးစားပေးသည်နှင့် ရဟန်းသံဃာများကို သတ်ဖြတ်နှိမ်နင်းသည် မှာလည်း အရှေ့ အနောက်မညီ၊ အာဏာရှူးမှု သက်သက် သာလျှင့် ဖြစ်ချေသည်။

ပြန်လည်၍ ချုပ်ကြည့်လျှင် ဤ စစ်အာဏာရှင် တစ်စုသည် တပ်မတော် အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံးကို အနိုင်ကျင့် စော်ကားနေခြင်းသာ ဖြစ်သည်။ ၄င်းတို့ အာဏာနှင့် ကိုယ်ကျိုး စီးပွားရေးအတွက် စစ်တပ်ကို အသုံးချကာ တိုင်းရင်းသား ပြည်သူလူထုနှင့် တိုက်ပေး၍ သွေးခွဲထားခြင်း ဖြစ်သည်။ တပ်မတော်ကိုလည်း လမ်းမှားသို့ ပို့လျှက်ရှိ၏။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း စစ်အာဏာရှင်တို့၏ လုပ်နည်းလုပ်ဟန်က ထိခိုက်စေ လျှက် ရှိသည်။

ဤ စစ်အာဏာရှင် နှင့် စစ်အာဏာရှင်စနစ်ဖြင့် ရှေ့  ခရီးဆက်၍ မဖြစ်တော့ပါ။ နိုင်ငံတော်၊ ပြည်သူလူထု တရပ်လုံးကို ဤ အခြေအနေဆိုးများမှ ကယ်တင်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ တရားဥပဒေ စိုးမိုးမှု၊ ပြည်သူလူထု၏ အာဏာရှိမှုများ ပါဝင်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးရန် ယနေ့ တပ်မတော်၌ တာဝန်ရှိသည်။ “စစ်အာဏာရှင် တပ်မတော်” မှ “ပြည်သူ့တပ်မတော်” ပြောင်းလဲရေးအတွက် ယနေ့ တပ်မတော်၌ လုံးဝတာဝန်ရှိသည်။ စစ်အာဏာရှင်ကို ဖယ်ရှားပြီး၊ ဒီမိုကရေစီ ၀ါဒကို ထူထောင်ပေးနိုင်မှ တိုင်းရင်းသား အားလုံး တန်းတူညီမျှသော အခွင့်အရေးများကို ခံစားရင်း ရင်တွင်းမှ အမှန်တကယ် ချစ်ခင်မှုဖြင့် ရရှိလာသော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကြီး ဖြစ်ပေါ်လာမည်။

ဒီမိုကရေစီ စနစ်ကြောင့် နိုင်ငံတော်ကို ဦးဆောင်နိုင်စွမ်းရှိပါက ကချင်ဖြစ်စေ၊ ချင်းဖြစ်စေ၊ ရခိုင်၊ ရှမ်း ဖြစ်စေ မည်သူမဆို သမ္မတ/၀န်ကြီးချုပ်လည်း ဖြစ်နိုင်သည်။ ထိုသို့ တန်းတူရည်တူရှိသော စနစ်ရှိမှသာ အမြင်ကွဲပြား၊ ခြားနားမှုများလည်း ပျောက်ကွယ်သွား ပေမည်။ ယနေ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ဤအခြေအနေကို တောင့်တပါ၏။ ပြည်သူလူထု၌ စစ်ရေး၊ နိုင်ငံရေး အမြင် အတွေ့အကြုံများရှိပြီး ဦးဆောင်မှု ပေးနိုင်သော ဒီမိုကရေစီကို အကောင်အထည် ဖော်ပေးနိုင်သော အဖွဲ့အစည်းလည်း ၁၉၉၀ ခုနှစ်ကတည်းက ရှိနေခဲ့ပါပြီ။ ၄င်းတို့ စစ်အာဏာရှင်များကဲ့သို့ မဟုတ်ဘဲ ကိုယ်ကျိုးမမက် နိုင်ငံနှင့် တပ်မတော်၊ ပြည်သူလူထု အတွက် အမှန်တကယ် ဆောင်ရွက်ပေးမည့် သူများလည်း ဖြစ်သည်။ အနှောင့်အယှက် ဖြစ်နေသော စစ်အာဏာရှင် တစ်စုကို ဖယ်ရှား၍ အေးချမ်းစွာ အသွင် ကူးပြောင်းပေး နိုင်ပါမှ ပြည်သူလူထု ခံစားနေရသော ဆင်းရဲဒုက္ခများမှ လွတ်ကင်းပြီး အမှန်တကယ် တိုးတက်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းလာမည် ဖြစ်ပေသည်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရန် ကျောင်းသား၊ ဘုရားသားတော်များလည်း အဆင်သင့် ရှိနေပါသည်။ သူတို့တွင် လက်တွဲရန် တပ်မတော်သားများသာ လိုပါတော့သည်။ အချိန်များစွာ မရှိတော့ပါ။

သို့ဖြစ်ပါ၍ စေတနာမှန်ကန်ပြီး အမြော်အမြင် ရှိသော မျိုးဆက်သစ် ခေါင်းဆောင်များမှ တပ်မတော်ကို စနစ်တကျ စုစည်းပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု အပေါင်းအား ကယ်တင်စောင့်ရှောက် လမ်းမှန်ပေါ် အရောက် ပို့ပေးကြပါရန် လေးလေးစားစား တိုက်တွန်းတင်ပြလိုက်ရပါသည်။

တိုင်းရင်းသား လူမျိုးများကို အလေးထား ခဲ့သည့် လွတ်လပ်ရေးဖခင် ဗိုလ်ချူပ်အောင်ဆန်း၏ လူမျိုးဆိုသည့် အဓိပ္ပါယ် ဖွင့်ဟချက်နှင့် အေးအတူပူအမျှ တန်းတူ ညီမျှစေလိုသည့် ဆန္ဒကို တင်ပြပေးလိုက်ရပါသည်။

“လူမျိုးဆိုသည်မှာ သုခ၊ဒုက္ခ အတူခံစားကြ ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျှားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို စုပေါင်း၍ ခေါ်ဝေါ်ကြခြင်းသာ ဖြစ်၏။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား ၊ ပြောဆိုသည့် စကားတို့ကို အလေးထားရမည် ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ၊ ကောင်းတူဆိုးဖက် ပူးပေါင်းနေလိုသော အစဉ်အလာ ဆန္ဒအပေါ်တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေသည်။”
ဗိုလ်ချူပ် အောင်ဆန်း

1 comment:

မေ့သမီး said...

ဟုတ်တယ်။ သူတို့မကောင်းတာနဲ့ တိုင်းရင်းသားတွေ က ဗမာလူမျိုးတွေကို အကောင်းမထင်တော့ဘူး။ စည်းလုံးညီညွတ်ရေးဆိုတာ စာရွက်တွေပေါ်မှာ ပဲရှိနေတာကြာပြီ။ လက်တွေ့အကောင်အထည်ဖော်ဖို့ တော့လိုပြီထင်တယ်။