.

.

.

June 13, 2010

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၈)


အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၈)

ဆောင်းပါးရှင် - ကိုကျော်ထင်

စစ်အေးလွန်ကာလတွင် နိုင်ငံတကာဆိုင်ရာ အယူဝါဒရေးရာ ရန်ဘက်ပြိုင်ဆိုင်မှုနေရာတွင် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ နယ်ပယ်များမှာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြိုင်ဆိုင်ခြင်းတို့ဖြင့် အစားထိုးခဲ့ကြသည်။ ထို့အပြင် တယ်လီဆက်သွယ်ရေး (တယ်လီဖုန်း၊ ရေဒီယို၊ တယ်လီဗီးရှင်း စသည့်တို့ကဲ့သို့သော အီလက်ထရွန်းနစ်ပစ္စည်းများကို အသုံးပြု ဆက်သွယ်သည့် ဆက်သွယ်ရေး၊ စာမျက်နှာ - ၈၆၀၊ Collins English Dictionary) နှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ဖြစ်ပေါ်လာသော နည်းပညာဆိုင်ရာ တော်လှန်ရေးသည် ယင်းပြိုင်ဆိုင်မှု၏ သဘာဝကို အထင်အရှားအားဖြင့်ပင် ပြောင်းလဲပစ်ခဲ့ပေသည်။

တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များသည် အခြားနိုင်ငံများတွင် ရှိနေသည့် ၎င်းတို့ကဲ့သို့သော သူများရရှိနိုင်မည့် အခွင့်အလမ်းများ၊ ဘ၀နေထိုင်မှုပုံစံများနှင့် ပတ်သက်၍ ပိုမိုသိမြင်လာကြ၊ ဗဟုသုတရှိလာကြသည်။ နိုင်ငံအလိုက်အားဖြင့်သော်လည်ကောင်း နိုင်ငံအလိုက် မဟုတ်ဘဲသော်လည်းကောင်း ဆောင်ရွက်သည့် လှုပ်ရှားဆောင်ရွက်သူများသည် ဒုတိယကမ္ဘာစစ်ပြီးစ အချိန်ကာလက စိတ်ကူး၍ပင် မရနိုင်သော အမြန်နှုန်းနှင့် အလွန်နီးကပ်စွာဖြင့် ကမ္ဘာလုံးပတ်ကူးလူးဆက်သွယ် စီးဆင်းဆောင်ရွက်မှုကို ပြုလုပ်လာကြသည်။

တယ်လီဆက်သွယ်ရေးနည်းပညာသည် သူငယ်ချင်းအချင်းချင်း အပြန်အလှန် အတင်းအဖျင်း ပြောသလောက် လွယ်ကူသည့်အဆင့်ထိ ကမ္ဘာပတ်သတင်းပို့ခြင်းကို ခွင့်ပြုပေးခဲ့ပေသည်။ တခါတရံ ထိုထက်ပင် ပိုပေသည်။ ဂျက်အင်ဂျင်အား စီးပွားဖြစ် အသုံးပြုနိုင်မှုကလည်း မည်သည့် ကမ္ဘာ့မြို့တော်ကြီးများအကြား တစ်ရက်တာအတွင်း ခရီးသွားလာနိုင်ခြင်းကို ခွင့်ပြုပေးခဲ့ပေသည်။


U.S Army

ဤနည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲများသည် မဟာမိတ်များအနေဖြင့် အချင်းချင်း လူ့သမိုင်းတွင် ပြိုင်ဘက်ကင်းလောက်သော ဖြစ်ပျက်မှုအကြိမ်ပေါင်းများစွာဖြင့် နီးစပ်သော တွေ့ဆုံဆက်သွယ်ပြောဆိုမှုများကို ပြုလုပ်နိုင်သည့် ကမ္ဘာ့ရွာ (Global Village) ဆိုသည်အား ဖန်တီးခဲ့ပေသည်။ ဆက်သွယ်ထားသော ငွေရေးကြေးရေးဆိုင်ရာ မန်နေဂျာများသည် ငွေကြေးနှင့် အစုရှယ်ယာများကို ကမ္ဘာပတ်၍ အီလက်ထရွန်နစ် နည်းလမ်းအားဖြင့် ပေးပို့ နေကြပေသည်။

သံတမန်များသည် သူတို့၏နိုင်ငံများတွင် လူကိုယ်တိုင်ပင် လိုအပ်သော အချိန်၊ လိုအပ်သောနေရာများ၌ ချက်ချင်း အီလက်ထရွန်နစ်နည်းလမ်းအားဖြင့် ညွှန်ကြားချက်များ ရယူနိုင်ပြီဖြစ်သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် အရာရှိများသည် သူတို့၏လုပ်ငန်း စီမံကိန်းများမှ နယ်ပယ် (scope) နှင့် အမြန်နှုန်း (speed ) တို့ကို ကြားကွက်လပ် (space) က မကန့်သတ်နိုင်တော့သည့် “ပကတိကော်ပိုရေးရှင်း (virtual corporations)” များကို ဖန်တီးဖြစ်ပေါ်စေခဲ့ပေသည်။ ဤပတ်ဝန်းကျင် အခြေအနေအောက်တွင် စစ်ဘက် အရာရှိများသည် လျင်မြန်စွာ ပြောင်းလဲနေသော ပူးတွဲ အားထုတ်မှုများကို လျင်မြန်စွာ နည်းလမ်းညှိနှိုင်းယူနိုင်စွမ်းရှိသည့် အခြားသော နိုင်ငံများမှ စစ်ဘက်အရာရှိများကို လိုအပ်လာပေသည်။

အထက်ပါပူးတွဲအားထုတ်မှုများမှာ ပုံမှန်ထက်ပို၍ ကျယ်ပြန့်သော အစီအစဉ်များပါဝင်သည့် (broad - gauged) ပင်လယ်ကွေ့စစ်ပွဲ (Gulf War) နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးစီမံချက်များ (UN peacekeeping operations) ကဲ့သို့လည်းကောင်း ရိုစင်းသော အစီအစဉ်များအဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် လမ်းတည်ဆောက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ပါဝင်ပေသည်။ ဘုံရည်မှန်းချက်များကို ဆောင်ရွက်အောင်မြင်ရရှိနိုင်ရန်အတွက် ချောမွေ့သော ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်ပေသည်။

ထို့အပြင် အင်အားအကောင်းဆုံးဖြစ်သော နိုင်ငံတကာဆိုင်ရာ မဟာမိတ်များတွင် များစွာကွဲပြားသော နယ်ပယ်များဖြစ်သည့် သံခင်းတမန်ခင်း၊ စီးပွားကူးသန်း ဆက်သွယ်ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် စစ်ဘက်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ပေသည်။ အကယ်၍ ထိုကဲ့သို့သော ပူးပေါင်း ဆောင်ရွက်မှုများသည် ကြီးမားသော လုပ်ငန်းသုံးငွေကြေး ကုန်ကျစရိတ်များကို လိုအပ်စေမည်ဆိုပါက စီးပွားရေး မဟာမိတ်များသည် ပြိုင်ဆိုင်နိုင်စွမ်းမရှိခြင်းကို ဖြစ်သွားစေနိုင်ပြီး လုံခြုံရေး၊ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ မဟာမိတ်အဖွဲ့များသည် ကိုးရိုးကားရား ဖြစ်သွားနိုင်ပါသည်။

လုပ်ငန်းကုန်ကျစရိတ် (အတူတကွ အလုပ်လုပ်ရန် ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်သည့် စွမ်းရည်မထက်မြက်မှုများ) သည် ၎င်းတို့၏ဖွဲ့စည်းပုံနှင့် လမ်းကြောင်းများ ကွဲပြားခြားနားသည့် အဖွဲ့အစည်းများအကြား သို့မဟုတ် ကွဲပြားခြားနားသော နိုင်ငံရေးစနစ်များနှင့် အတူရှိနေသည့် မဟာမိတ် အဖွဲ့အစည်းများတွင် ကြီးမြင့်နိုင်ဖွယ်ရှိပေသည်။ ထိုကြောင့် စနစ်ချင်းမတူသော ဒီမိုကရက်တစ်နိုင်ငံများနှင့် အာဏာရှင်အစိုးရများ အုပ်ချုပ်သော နိုင်ငံများတို့ အတူအတကွ လက်တွဲ အလုပ်လုပ်ရန် ခက်ခဲပေသည်။

အထက်ပါ အဖြစ်အပျက်များက တကမ္ဘာလုံး အတိုင်းအတာဆောင်သော ကာကွယ်ရေး အသုံးစရိတ် လျော့နည်းလာမှုနှင့် လက်နက်ကိုင်တပ်ဖွဲ့အရွယ်အစား သေးငယ်လာမှုတို့ကို (၁၉၈၉) ခုနှစ် ကတည်းမှ စတင်၍ ဖြစ်ပေါ်လာစေခဲ့ပေသည်။ မဟာမိတ် ဖွဲ့စည်းလုပ်ဆောင်မှုများကို ရှေ့သို့ တိုးတက်စေရန် ကြိုးစားလုပ်ဆောင်နေသော နိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့၏အခန်းကဏ္ဍ (Roles) နှင့် လုပ်ငန်းရည်မှန်းချက်များ (Missions) တို့တွင် သိသိသာသာ ကွဲပြားခြားနားနေကြပါက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မည့် သူတို့၏စွမ်းရည်များသည် အဟန့်အတား ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယင်းကဲ့သို့ အဟန့်အတားဖြစ်မှုသည် တခြားနယ်ပယ်များသို့လည်း ကူးစက်သွားနိုင်ပါသည်။

ဖြစ်လာနိုင်စွမ်းသော အခန်းကဏ္ဍသစ်

ဤဖိအားများသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍ၊ လုပ်ငန်းရည်မှန်းချက်များ နှင့်ပတ်သက်သည့် တမျိုးသားလုံးဆိုင်ရာ ရွေးချယ်စရာများအပေါ် သက်ရောက်မှု ရှိစေပေသည်။ ပထမဦးဆုံးအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားသော အစိုးရများကို ဖြုတ်ချဖယ်ရှားပစ်ခြင်းမှ ဆုံးမလမ်းညွှန်မှုပေးခြင်းကို ခံခဲ့ကြရသေးသည်။ အမေရိကန်နိုင်ငံများအဖွဲ့ (Organization of American State – OAS) မှ ၎င်း၏ (၁၉၉၁) “ဒီမိုကရေစီသို့ စင်တီယာဂိုသံန္နိဌာန်ပြုမှု (Santiago Commitment to Democracy)” တွင် ဤအချက်အား ရှင်းလင်းစွာ ဖေါ်ပြခဲ့သည့်အပြင် OAS အထွေထွေအတွင်းရေးမှူအားလည်း ဒီမိုကရေစီအစိုးရများ အဖြုတ်ချခံခဲ့ရသော ထိုနိုင်ငံများတွင် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် အကျိုးအမြတ်များကို တီထွင်ဖန်တီးရန် ထပ်မံလမ်းညွှန်ခဲ့ပေသည်။

ဤအပိုင်းတွင် အမေရိကန်အစိုးရက လမ်းညွှန်ခဲ့သည်မှာ ၎င်း၏ ပြည်ပစစ်မိန့်ပေး ဌာနချုပ်များက နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့နိုင်ငံ၏ အရပ်ဘက် ထိန်းချုပ်မှုအား အထောက်အပံ့ဖြစ်စေမည့် လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးအား လေးစားစေမည့် ၎င်းတို့တမျိုးသားလုံးဆိုင်ရာ လိုအပ်ချက်များ၊ အခန်းကဏ္ဍများနှင့် သင့်တော်မည့် ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍများကို စဉ်းစားရန်အတွက် ၎င်းနိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့များအား တိုက်တွန်းအားပေးခြင်းအပေါ် အထူး အာရုံစိုက်မှုကို သဘောထားရှိ ဆောင်ရွက်စေရန်ဖြစ်ပေသည်။

အပိုင်း (၃၉) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမယ်။

1 comment:

တေဇ (ရွှေ) said...

တခြားကိစ္စတွေ ထားလိုက်ပါအုံး

စစ်တပ် မအုပ်ချုပ်မှီက .....
မြန်မာငွေ ၁ ကျပ်= ထိုင်း ၄ ဘတ်

စစ်တပ် အုပ်ချုပ်ပြီးနောက် ....
မြန်မာငွေ ၁၀၀ ကျပ် = ထိုင်း ၃ ဘတ်

စစ်တပ်လက်အောက် မြန်မာပြည် တိုးတက်လာတယ်လေ... မြန်မာငွေတွေ တိုးတိုးပြီး တက်ပေးနိုင်မှ ပြည်ပငွေ ကိုမှီတော့တာ။